ရော်နယ်ဒို ဂိုးသွင်းပြီး (၈)ပွဲဆက်တိုက် အနိုင်ရခဲ့တဲ့ ဂျူဗင်တပ်စ်
စနေနေ့ စီးရီးအေပွဲစဉ်မှာတော့ ဂျူဗင်တပ်စ်က အဝေးကွင်းမှာ အူဒီးနီးကို အနိုင်ယူပြီး နိုင်ပွဲဆက်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အတွက် စီးရီးအေပွဲစဉ်တွေက လွယ်ကူလွန်းနေပြီး ပြိုင်ဘက်တိုင်းကို ခြေအသာ၊ ဂိုးအသာနဲ့ အပြတ်အသတ်ချေမှုန်းနေတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ရော်နယ်ဒိုကလည်း ဂိုးတွေသွင်းပေးနေတာမို့ ရော်နယ်ဒို နဲ့ ဂျူဗင်တပ်စ်တို့ရဲ့ ပေါင်းစပ်မှုက ပိုပြီးလှပခဲ့ပါတယ်။အူဒီးနီးနဲ့ပွဲမှာလည်း အယ်လီဂရီက မန်ဇူကစ်၊ ရော်နယ်ဒို နဲ့ ဒီဘာလာတို့ တိုက်စစ်အတွဲကို အသုံးပြုခဲ့ပါတယ်။ ပွဲစကတည်းက ဂျူဗင်တပ်စ်ကပဲ တောက်လျှောက်ဖိအားပေးဆော့နေခဲ့ပြီး အစစအရာရာ အသာစီးရခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ကစားကွက်၊ ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးကန်သွင်းခွင့်တွေမှာ ဂျူဗင်တပ်စ်က အပြတ်အသတ် အသာစီးရခဲ့တာပါ။ဒီဘာလာ နဲ့ ပီယာနစ်တို့ရဲ့ တစ်ကိုယ်တော်စွမ်းရည်တွေက ဒီပွဲမှာ ပေါ်လွင်ခဲ့ပါတယ်။ ပီယာနစ်ရဲ့ ဘောလုံးပေးပို့မှု နဲ့ အကွက်မြင်မှုတွေက ချီးကျူးစရာကောင်းသလို ဒီဘာလာရဲ့ ဘောလုံးနဲ့အတူ ဆွဲပြေးမှု၊ လိမ်ခေါက်မှုတွေကလည်း ဂျူဗင်တပ်စ်အတွက် အရေးပါခဲ့ပါတယ်။အဖွင့်ဂိုးကိုတော့ (၃၃)မိနစ်မှာကန်ဆယ်လိုရဲ့ ဖန်တီးပေးမှုကတဆင့် ဘန်တန်ကာက သွင်းယူပေးခဲ့တာပါ။(၃၇)မိနစ်မှာတော့ ရော်နယ်ဒိုက ဧရိယာထဲကနေ ဘယ်ခြေနဲ့ အပြင်းကန်သွင်းပြီး ဒုတိယဂိုးရယူပေးခဲ့ပါတယ်။ ဒီသွင်းဂိုးက ဂျူဗင်တပ်စ်ရဲ့ နိုင်ပွဲအတွက် စိတ်အေးစေခဲ့ရပြီး လက်ကျန်မိနစ်အားလုံးကို စိတ်အေးလက်အေးနဲ့ ဆော့ကစားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အပိုင်အခွင့် အရေးတချို့ ရခဲ့ပေမယ့် ဂျူဗင်တပ်စ် ဂိုးထပ်မရခဲ့တော့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။ဒီနိုင်ပွဲက ဂျူဗင်တပ်စ်အတွက် စီးရီးအေမှာ (၈)ပွဲဆက်တိုက် နိုင်ပွဲဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲအရပ်ရပ် (၁၀)ပွဲကစားပြီးရာမှာ ဂျူဗင်တပ်စ်က (၁၀)ပွဲစလုံးကို အနိုင်ရထားခဲ့ပြီး ရော်နယ်ဒိုကလည်း အသင်းသစ်အတွက် (၄)ဂိုးအထိ သွင်းယူပေးထားပြီး ဖြစ်ပါတယ်။
Comments
Post a Comment