ဟာဇက်က ရီးရဲယ်မက်ဒရစ်အသင်းနဲ့ သင့်တော်တဲ့ ထိပ်တန်းကစားသမားတစ်ဦးလို့ ချီးကျူးလိုက်တဲ့ ဘာစီလိုနာဂန္တဝင်


ဘာစီလိုနာအသင်းနဲ့ ဘရာဇီးလက်ရွေးစင်အသင်းတို့ရဲ့ ဂန္တဝင်ကစားသမား ရီဗယ်လ်ဒိုက ဟာဇက်ဟာ ရီးရဲယ်မက်ဒရစ်အသင်းနဲ့ သင့်တော်တဲ့ ထိပ်တန်းကစားသမားတစ်ဦးဖြစ်တဲ့ အကြောင်းကို ဖွင့်ဟပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။ ဟာဇက်ဟာ ရီးရဲယ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ အကြိမ်ကြိမ် စကားစနေပြီး ရီးရဲယ်မက်ဒရစ်အသင်းကို သွားရောက်ကစားဖို့က အိမ်မက်တစ်ခုဖြစ်ကြောင်း နှစ်ကြိမ်တိုင်တိုင် ပြောကြားခဲ့သလို ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ရဖို့အတွက် စပိန်မြေကို ပြောင်းရွှေ့ဖို့ လိုအပ်ကောင်း လိုအပ်နိုင်တယ်လို့လည်း ဖွင့်ဟပြောကြားခဲ့ပါသေးတယ်။

အခုတစ်ခါမှာလည်း ရီဗယ်လ်ဒိုက “ဟာဇက်က ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး လာမယ့် အပြောင်းအရွှေ့မှာ ရီးရဲယ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ အကောင်းဆုံး အခွင့်အရေးရှိနိုင်ပါတယ်။ သူက ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားနဲ့ လက်ရှိဘောလုံးရာသီအစမှာ အကောင်းဆုံး ပုံစံပြသခဲ့ပြီး ရီးရဲယ်မက်ဒရစ် အနေနဲ့ သူတို့ရဲ့ ရာသီအစမှာ ဆိုးရွားတဲ့ ပုံစံတွေကနေ အကောင်းဆုံး ပြန်လာနိုင်ဖို့ ဟာဇက်ကို ခေါ်ယူဖို့လိုအပ်ပါတယ်။ စီရော်နယ်ဒို ထွက်ခွာသွားပြီးတဲ့ အချိန်မှာ ဒီအပြောင်းအရွှေ့က ကလပ်အသင်းအတွက်ရော ပရိသတ်တွေအတွက်ပါ ကောင်းမွန်တဲ့ အပြောင်းအရွှေ့တစ်ခုဖြစ်လာပါလိမ့်မယ်။”

“ဟာဇက်က အရည်အသွေးရှိပြီး ဂိုးတွေသွင်းနိုင်သလို ဂိုးဖန်တီးမှုတွေလည်း အများကြီး ပြုလုပ်ပေးနိုင်ပါတယ်။ ဟာဇက်က အင်္ဂလန်မှာထက် စပိန်မှာတောင် ပိုပြီး ခြေစွမ်းပြနိုင်ပါဦးမယ်။ စပိန်မှာက ကစားသမားတွေအတွက် ပိုပြီး လွတ်လွတ်လပ်လပ်ကစားခွင့်ရပါတယ်။ လက်ရှိပရီးမီးယားလိဂ်မှာတောင် သူက ခြေစွမ်းပြနေတာ စပိန်မှာဆို အခုထက်ပိုကောင်းလာပါလိမ့်မယ်။” ဆိုပြီး ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ဟာဇက်ဟာ လက်ရှိအချိန်မှာ ချဲလ်ဆီးအသင်းအတွက် အထူးခြေစွမ်းပြကစားလျက်ရှိပြီး ပြိုင်ပွဲစုံ (၁၀) ပွဲကစားပြီးချိန်မှာ (၈) ဂိုးသွင်းယူကာ (၃) ဂိုးဖန်တီးပေးထားနိုင်တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။


Comments

Popular posts from this blog

မျက်လုံးတစ်ဖက်ထဲနဲ့ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရော်ဘာတိုဖာမီနို

အာရှကလပ်အသင်းတစ်သင်းရဲ့မက်မောဖွယ်၁လစာကိုငြင်းပယ်ပြီး အာဆင်နယ်တွင်ဆက်နေခဲ့တဲ့ အိုဇေး

မန်ချက်စတာဒါဘီမှာ မန်ယူ ရှုံးပြီး ချဲလ်ဆီး၊ အာဆင်နယ် သရေကျ