ရီးရဲယ်မက်ဒရစ်အသင်းရဲ့ ရလဒ်ဆိုးတွေအတွက် တာဝန်ယူကြောင်း ပြောကြားလိုက်တဲ့ လိုပက်တယ်ဟီ
ရီးရဲယ်မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ လိုပက်တယ်ဟီက သူ့အနေနဲ့ လက်ရှိအချိန်မှာ ဖြစ်ပေါ်နေတဲ့ ရီးရဲယ်မက်ဒရစ်အသင်းရဲ့ ရလဒ်ဆိုးတွေနဲ့ ပတ်သက်ပြီး တာဝန်ယူကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့တယ်လို့ သိရပါတယ်။ ရီးရဲယ်မက်ဒရစ်အသင်းဟာ လက်ရှိအချိန်မှာ ပုံမှန်ခြေစွမ်းရရှိဖို့ ရုန်းကန်နေရပြီး လာလီဂါပွဲစဉ်များအဖြစ် ဆီဗီလာအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ကာ အက်သလက်တီကို အသင်းကို ဂိုးမရှိသရေကျခဲ့တဲ့ အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် CSKA အသင်းရဲ့ကွင်းမှာ ကစားခဲ့တဲ့ပွဲမှာလည်း တစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပြန်ပါတယ်။ ဒါ့အပြင်အဲ့ဒီပွဲတွေမှာလည်း အသင်းရဲ့ တိုက်စစ်က ဂိုးပေါက်ပျောက်ခဲ့တာကြောင့် ပရိသတ်တွေကတော့ အသင်းရဲ့ တိုက်စစ်ပိုင်းနဲ့ ပတ်သက်ပြီး မေးခွန်းထုတ် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရှိရပါတယ်။
အခုတစ်ခါမှာတော့ ရီးရဲယ်မက်ဒရစ်အသင်းနည်းပြ လိုပက်တယ်ဟီက “နည်းပြက အသင်းရဲ့ အခြေအနေဆိုးတွေနဲ့ ပတ်သက်လို့ အမြဲတာဝန်ရှိပေမဲ့ အသင်းက ပုံစံကောင်းတွေ ပြနေနိုင်ရင်တော့ ဘယ်တော့မှ ချီးကျူးမခံရပါဘူး။ ဒါကို ကျွန်တော်တို့ လက်ခံရမှာဖြစ်ပြီး ကိုယ့်အလုပ်ကို ဘယ်လို အကောင်းဆုံး လုပ်ရမလဲဆိုတာ ကျွန်တော်ကောင်းကောင်းသိပါတယ်။” ဆိုပြီး အလာဗက်စ်နဲ့ ပွဲမတိုင်ခင် ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။
ဒါ့အပြင် လိုပက်တယ်ဟီက “လက်ရှိအချိန်မှာ အသင်းအတွက် အရေးကြီးဆုံးအရာက ကျွန်တော်တို့ စိတ်ထဲ ဘာတွေ ခံစားနေရလဲဆိုတာရယ် ကစားသမားတွေ စိတ်ထဲ ဘာတွေရှိနေလဲဆိုတာရယ်ပါ။ ကျွန်တော်တို့ အသင်းရဲ့ ဘယ်နေရာမှာ ပြဿနာရှိနေလဲဆိုတာ ကောင်းကောင်းသိထားပြီး ဒါတွေကို ကျွန်တော်တို့ အကောင်းဆုံး ကျော်ဖြတ်သွားမှာပါ။ ကျွန်တော်တို့ အသင်းမှာ အပေါင်းလက္ခဏာဆောင်တဲ့ အခြေအနေတွေရှိနေပြီးသားဖြစ်တဲ့အပြင် မှန်ကန်တဲ့ စိတ်ပိုင်းဆိုင်ရာခံယူချက် ယုံကြည်မှုအပြည့်နဲ့ ပြိုင်ပွဲတိုင်းကို အကောင်းဆုံးကစားသွားမှာပါ။” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။ ရီးရဲယ်မက်ဒရစ်အသင်းဟာ ဒီနေ့ည (စနေနေ့ည) မှာတော့ အလာဗက်စ်အသင်းနဲ့ လာလီဂါအဝေးကွင်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ဒီပွဲမှာ ကျိန်းသေပေါက်နိုင်ပွဲရယူကာ နိုင်ပွဲပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။
Comments
Post a Comment