ဒေးဗစ်လုဇ်နဲ့ ပတ်သက်ပြီး ဖွင့်ဟပြောကြားမှုတွေ ပြုလုပ်သွားတဲ့ ဆာရီ
ချဲလ်ဆီးအသင်းနည်းပြ ဆာရီက လက်ရှိအချိန်မှာ အသင်းအတွက် ခြေစွမ်းပြနေတဲ့ အဓိက နောက်ခံလူ ဒေးဗစ်လုဇ်နဲ့ ပတ်သက်ပြီး ဖွင့်ဟပြောကြားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒေးဗစ်လုဇ်ဟာ နည်းပြဟောင်း ကွန်တီရဲ့ လက်ထက်မှာ ပုံမှန်နေရာရဖို့ ရုန်းကန်ခဲ့ရပေမဲ့ ဒီရာသီ ဆာရီရဲ့ ဦးစားပေးပွဲထွက်ကစားသမား စာရင်းမှာ အမြဲလိုလိုပါဝင်ပြီး ခြေစွမ်းပြနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
ဆာရီက “လွန်ခဲ့တဲ့နှစ်ရာသီလောက်က သူ(ဒေးဗစ်လုဇ်)က တကယ်ကောင်းမွန်တဲ့ကစားသမားဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ခြောက်လမှာ သူက ပွဲကစားခွင့်မရခဲ့ပါဘူး။ ဒီအတွက်လည်း သူတော်တော်လေး စိတ်ပျက်ခဲ့ရပါတယ်။ သူက ပွင့်ပွင့်လင်းလင်းရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး နည်းပြကို ပြောစရာစကားရှိတယ်ဆိုရင် သူ ကျွန်တော့်ကိုပဲ တိုက်ရိုက်လာပြောလေ့ရှိပါတယ်။ အဲ့ဒီလိုပွင့်ပွင့်လင်းလင်းရှိတဲ့ကစားသမားမျိုးကို ကျွန်တော်သဘောကျပါတယ်။ ကျွန်တော်ဒီအသင်းကို စစရောက်ချင်းမှာပဲ သူက ကျွန်တော့်ကစားကွက်နဲ့ ကိုက်ညီမယ့်ကစားသမားဆိုတာကို သတိထားမိပါတယ်။ ဘာလို့လဲဆိုတော့ သူက နောက်ခံအတွင်းလူတွေထဲမှာ နည်းစနစ်ပိုင်းကို အရမ်းပိုင်နိုင်တဲ့ ကစားသမားတစ်ယောက်ဖြစ်တာကြောင့်ပါ။”
“နောက်ပြီးတော့ သူ့ရဲ့ အရည်အချင်းကိုလည်း သာမန်လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့လည်း ကျွန်တော်ချီးကျူးချင်ပါတယ်။ သူက ကျွန်တော်ထင်ထားတာထက် အများကြီးပိုကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။” ဆိုပြီး ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဒီရာသီပြိုင်ပွဲစုံ (၉) ပွဲကစားပြီးချိန်မှာ ရှုံးပွဲမရှိသေးဘဲ နှစ်ပွဲသရေ (၇) ပွဲအနိုင်နဲ့ ပုံစံကောင်းတွေ ပြသလျက်ရှိပါတယ်။

Comments
Post a Comment