မက်ဆီ မပါခဲ့တဲ့ ဖီဖာတစ်နှစ်တာ အကောင်းဆုံးဆု ဆန်ခါတင်စာရင်း
၂၀၁၈ ခုနှစ်အတွက် ဖီဖာတစ်နှစ်တာ အကောင်းဆုံး အမျိုးသား ဘောလုံးသမားဆု ဆန်ခါတင် ၃ ဦး စာရင်းမှာ ရော်နယ်ဒို၊ မိုဒရစ်၊ ဆာလာတို့ ရွေးချယ်ခံခဲ့ရပြီး မက်ဆီကတော့ ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆန်ခါတင်စာရင်း မဝင်ခဲ့ပါဘူး။
ရော်နယ်ဒိုနဲ့ မိုဒရစ်ဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်အတွက် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးပေးနိုင်ခဲ့ပြီး ဆာလာကတော့ ပြီးခဲ့တဲ့ရာသီ ပြိုင်ပွဲစုံမှာ လီဗာပူးအတွက် ၄၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်ကွင်းလယ်မှာ အခရာကျခဲ့တဲ့ မိုဒရစ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအတွက် ပွဲစဉ်တိုင်း ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းကို ဗိုလ်လုပွဲရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့သူပါ။ မိုဒရစ်ဟာ မကြာသေးခင်မှ ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆု ဆွတ်ခူးထားသူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဖီဖာတစ်နှစ်တာအကောင်းဆုံးဆု ဆွတ်ခူးခဲ့တဲ့ ရော်နယ်ဒိုဟာ ဆန်ခါတင်စာရင်းမှာ သူ့ရဲ့ပြိုင်ဘက်ဟောင်း မက်ဆီ မပါဝင်လာပေမယ့် ဒီနှစ်အတွက် ဆုဆွတ်ခူးနိုင်ဖို့ ဆာလာ၊ မိုဒရစ်တို့နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။
ဆာလာဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးကို ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ တစ်ရာသီသွင်းဂိုး ၃၂ ဂိုးနဲ့ (၃၈ ပွဲ ကစားတဲ့ ပရီးမီးယားလိဂ်ပုံစံသစ်မှာ)
ဂိုးသွင်းစံချိန်သစ် တင်နိုင်ခဲ့သူပါ။
ဖီဖာနဲ့ France Football မဂ္ဂဇင်းတို့ ပူးပေါင်းဆုချီးမြှင့်ခဲ့တဲ့ FIFA Ballon d'Or ဆု ကို ၂၀၁၆ ခုနှစ်မှာ အဆုံးသတ်ခဲ့ပြီးနောက် ဖီဖာက အရင်အတိုင်း ဖီဖာတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုလို့ အမည်ပြောင်းပြီး ဆုချီးမြှင့်ခဲ့တာပါ။
ဖီဖာတစ်နှစ်တာ အကောင်းဆုံး နည်းပြဆု ဆန်ခါတင်စာရင်းမှာ ပြင်သစ်နည်းပြ ဒေးရွှန့်၊ ခရိုအေးရှားနည်းပြ ဒါလစ်နဲ့ ရီးရဲလ်နည်းပြဟောင်း ဇီဒန်းတို့ ပါဝင်နေပါတယ်။ ဖီဖာတစ်နှစ်တာ အကောင်းဆုံး ဂိုးသမားဆုအတွက် ရီးရဲလ်ဂိုးသမား ကော်တွိုက်စ်၊ စပါးဂိုးသမား ဟူဂိုလိုရစ်နဲ့ လက်စတာဂိုးသမား ကက်စပါရှမိုက်ကယ်တို့ အပြိုင်လုရမှာ ဖြစ်ပါတယ်။
လက်ရွေးစင်အသင်းနည်းပြတွေ၊ အသင်းခေါင်းဆောင်တွေ၊ နာမည်ကျော် အားကစားဂျာနယ်လစ်တွေနဲ့ ဘောလုံးပရိသတ်တွေ စတဲ့ အဖွဲ့ ၄ ဖွဲ့ရဲ့ မဲပေးမှု ၂၅ ရာခိုင်နှုန်းစီနဲ့ ရွေးချယ်ဆုံးဖြတ်မယ့် ဖီဖာတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို စက်တင်ဘာလ ၂၄ ရက်နေ့ကျရင် လန်ဒန်မြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Crd -ရိုးရာလေး

Comments
Post a Comment